ကောင်းကောင်း နှစ်ခါလည်ကျော်တော့ ကျမတို့ ကမာရွတ်ကို အိမ်ပြောင်းပါတယ်။ လေးထပ်ကနေ မြေညီထပ်ကို ရောက်လာတာဟာ သူ့အတွက် ကံကောင်းမှု တခုလို့ ပြောရမယ်။ လမ်းထဲက ကလေးတွေ လူကြီးတွေကို သူ အမြဲမြင်နေရတယ်။ ထိတွေ့နေရတယ်။ အားလုံးကလည်း သူ့ကို ချစ်ကြတယ်။ ဒါဟာ သူ့အတွက် မြန်မြန်ဆန်ဆန် တိုးတက်ဖို့ ဖြစ်လာတယ်လို့ ဆိုရပါမယ်။ အိမ်ရှေ့က ဖြတ်သွားသမျှ ဈေးသည်တွေ အော်သလို လိုက်အော်တတ်ပါတယ်။ အလေးချိန်ကတော့ နှစ်နှစ်ကနေ နှစ်နှစ်ခြောက်လအထိ ၂၂ပေါင် ၂၃ပေါင်မှာပဲ တန့်နေပါတယ်။ ၀ါစိမ်းနီ ကတ်ပြားထဲမှာ အစိမ်းထဲ မ၀င်သေးဘူး ပြောရမှာပါ။ ဒါကလည်း မကြာမကြာ နေမကောင်း ဖြစ်နေတတ်လို့ပါ။ နေမကောင်းဖြစ်တာနဲ့ ကာကွယ်ဆေးထိုးတာနဲ့ အမြဲကြုံနေလို့ ကာကွယ်ဆေးတွေက သုံးနှစ်ပြည့်ခါနီးမှ စုံသွားပါတော့တယ်။
အီအီး၊ ရှူရှူး သန့်လာခြင်း
အဲဒီကိစ္စကတော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အဖွားပိန်က အလိုလိုက်တော့ သူက ဆိုးချင်ပါတယ်။ ရှူရှူးကို ပန်းချင်ရာပန်းတတ်ပါတယ်။ ခွက်နဲ့တည်ပေမဲ့ အပြင်ကိုထုတ်ပန်းတတ်ပါတယ်။ အီအီးဆိုလည်း မပြောမဆိုနဲ့ ပါချတတ်ပါတယ်။ “ရှူရှူးအီအီးပါချင်ရင် ပြောရမယ်နော်”လို့ ပြောထားပေမဲ့ ပြီးမှဘဲ အော်ခေါ်တတ်ပါတယ်။ သူအမြဲခေါ်တာကတော့ ဖွားပိန်ပါဘဲ။ သူ့အီအီးကို သူအလွန်ရွံတဲ့အတွက် (မတ်တပ်ပါချပြီးနောက်) ခြေနှစ်ချောင်းကို ကားထားပြီး လူကြီးမလာမချင်း မလှူပ်မရှက် ရပ်နေလေ့ရှိပါတယ်။ ရေဆေးရင်လည်း တခါနဲ့မရဘဲ အကြိမ်ကြိမ် ဆေးခိုင်းပါတယ်။
ဒါပေမဲ့ သူ့အဖေဖက်က အဖွားတွေ ဆေးကုလာရင်း အဲဒီ အီအီးမသန့်တဲ့ အကျင့်ကို ကြိမ်းတဲ့အခါ နည်းနည်းတံ့လာပါတယ်။ နောင်အဲဒီလုပ်ရင် စည်းကမ်းချဖို့ သူတို့ အိမ်ပြန်တဲ့အခါ ခေါ်သွားမယ်လို့ ဆိုတဲ့အခါမှာတော့ လုံးဝနီးနီး ပြုပြင်ပြောင်းလဲ သွားပါတော့တယ်။
အဖိုးနဲ့ လမ်းလျှောက်တတ်ခြင်း
ကျမတို့ တိုက်ခန်းတွဲတွေရဲ့ ပါတ်လည်ကို ညနေတိုင်း အဖိုးနဲ့ လမ်းလျှောက်တတ်ပါတယ်။ သူ့အဖိုးက တနေကုန်ဘုရားမှာ နေလေ့ရှိတာမို့ ညနေစောင်း ပြန်လာတိုင်း လမ်းလျှောက်ဖို့ အဆင်သင့်စောင့်နေတတ်ပါတယ်။ ရေချိုးတာကြာနေရင် အော်ခေါ်ပြီး လမ်းလျှောက်ဖို့ သတိပေးပါတယ်။ ထမင်းစားရင်လည်း အနားက တကျီကျီလုပ်နေပြန်ရော။ တခါတလေ သူ့အဖိုးက ထမင်းစားပြီးပေမဲ့ အခန်းထဲဝင်သွားပြီး လမ်းလျှောက်ဖို့ သတိမရတော့ရင် ၀မ်းနည်းလို့ မဆုံးဖြစ်နေတတ်ပြီး အရွဲ့တိုက်တဲ့အလုပ်တွေ (တီဗွီကို အနားကပ်ကြည့်တာမျိုး) လုပ်ပြီး၊ လူကြီးက ဆူလိုက်ရင် ငိုဖို့အကွက်ရသွားပါရော။ အဖိုးလည်း ကမန်းကတန်းထွက်လာပြီး လမ်းလျှောက်ရတော့တာပေါ့။
တီဗွီဖွင့်ပိတ်ခြင်း
တီဗွီဖွင့်တာ၊ အောက်စက်ပြောင်းတာ၊ အခွေ သွင်းတာ ထုတ်တာ ရနေပါပြီ။ အခွေထစ်ရင် ထုတ်ပြီး သူ့အကျှီစလေးနဲ့ သုတ်တတ်ပါသေးတယ်။ သူမကြိုက်တဲ့ အခွေကို “ဒီဟာ မကောင်းဘူး” လို့ ပြောပြီး အသစ်ပြောင်းတတ်ပါတယ်။ မစ်ကီမောက်စ်ကာတွန်းကို ကြိုက်ပါတယ်။ ကာတွန်းခွေကို “ပုကာ” တဲ့။ “ပုကာ ခွေ ကြည့်မယ် မေမေ တဲ့”။ တီဗွီက တို့တာဝန်အရေးသုံးပါးကို ကြားရဖန်များလို့ “ဒို့အရေး” တွေကို လိုက်လိုက်ဆိုပါတယ်။ နောက်တော့ အပြင်မှာ အလံတွေ့ရင်လည်း ဒို့အရေး၊ ကြယ်တွေ့ရင်လည်း ဒို့အရေးလို့ သူ့ဟာသူ မှတ်ထားပါတော့တယ်။ သူ့အကျီကလေးမှာ အလံပါတာမို့ “ဒို့အရေး အကျှီ” တဲ့။ မစ်ကီမောက်အရုပ်နဲ့ ဘောင်းဘီကိုတော့ “ပုကာ ဘောင်းဘီ” တဲ့။ သူကြိုက်တဲ့ အကျီင်္နဲ့ ဘောင်းဘီကို ဖွားပိန်က ရှာပြီးဝတ်ပေးရပါတယ်။
စိတ်ပိုင်း၊ ရုပ်ပိုင်း တိုးတက်လာခြင်း။
၂နှစ် ၂လမှာ - ကျမ ကွန်ပြူတာထဲက ကလေးတွေ ကြော်ငြာထဲမှာ ခုန်ပေါက်ကစားတာကို အားကျပြီး လေးဖက်ထောက်ပြီး ကင်းမြီးကောက် ထောင်ဖို့ ကြိုးစားတယ်။ ခြေ ၂ချောင်းလုံးတော့ ဘယ်ဟုတ်မလဲ။ တချောင်းထဲပေါ့။
၂ နှစ် ၄လမှာ - အိမ်နားက ဈေးကို အဖွားနဲ့ ဈေးဝယ်လိုက်တတ်ပြီ။ ထီသည်တွေ အိမ်ရှေ့လာတိုင်း အမြဲထိုးခိုင်းတယ်။ “ပေါက်မလား” လို့ မေးရင် ခေါင်းတဆတ်ဆတ်ငြိမ့်တယ်။ (တခါမှတော့ မပေါက်သေးပါဘူး)
၂ နှစ် ငါးလမှာ - ဒါဘယ်သူ့သားလေးလဲ လို့ မေးရင် မေးသူကိုလိုက်ပြီး ဖြေတတ်ပါတယ်။ အဖွားကမေးရင်
“ဖွားဖွားသား” အဖိုးကမေးရင်
“ဖိုးဖိုးသား” ဖွားပိန်ကမေးရင်
“ဖွားပိန်သား” ကျမကမေးရင်
“မေမေ့သား” သူ့အဖေမေးရင်
“ဖေဖေ့သား” တဲ့။ လည်လိုက်ပုံ။ နှစ်နှစ်မပြည့်ခင်ကတည်းက အဖွားချောင်းဆိုးရင် ထွေးခံယူလာပေးတတ်တယ်။ တခါတလေ ထွေးခံပျောက်နေရင် သူ့လက်ဖ၀ါးလေး ဖြန့်ပေးပြီး အဖွားကို ထွေးခိုင်းသတဲ့။ ကဲ- သည်းသည်းမလှုပ် ခံနိုင်ရိုးလား။
၂ နှစ် ၆လမှာ- ၀လုံးတွေ ဘောပင်နဲ့ စာရွက်တောင်းပြီး ရေးနေပြီ။ ၀ိုင်းတော့ဘယ်ဝိုင်းမလဲ။ ပဲတီချဉ်ပေါက်ပေါ့။
၂ နှစ် ၇လမှာ - အိမ်ကို လှမ်းဖုံးဆက်တော့ သူလာကိုင်ပြီး “မေမေ နေကောင်းလား”တဲ့။ ကျမက အံ့သြတကြီးနဲ့ “ ကောင်းတယ်၊ ကောင်းတယ်၊ သားသားထမင်းစားပြီးပြီလား” ဆိုတော့ “စားပြီးပြီ” တဲ့။ “ဘာနဲ့စားလဲ” ဆိုတော့ “ကြက်သား” တဲ့။ နောက်ထပ်မေးတာတွေကိုတော့ “နားညည်းတယ် (နားအူတယ် ပြောချင်တာ နေမှာ)” ဆိုပြီး ထွက်ပြေးရော။ နောက်တခါ ဖုံးပြောတော့ “ဟောင်းအာယူ” တဲ့။ အလည်လာတဲ့ ဦးလေးက သင်ထားတာ။
၂ နှစ် ဂလမှာ-“ဖွားပိန် ဘာလုပ်နေသလဲ” တဲ့။ “ထမင်းချက်နေတာပေါ့ သားရယ်” ဆိုတော့ “သားသားကြီး စားဖို့လား” တဲ့၏ “ဟုတ်တာပေါ့ သားရယ်” ဆိုတော့ ဆက်မေးပါတယ်။ “ဘူးသီးရော ပါသေးလားတဲ့” သူကြိုက်တဲ့အစာကို မေးတာပါ။
၂ နှစ် ကိုးလမှာ- ကျမထမင်းပန်းကန်ထဲက ၀က်သားတုံးကို လက်ညှိုးထိုးပြီး “၀က်သားကုန်ပြီလား“ တဲ့။ သူစားချင်တယ်ပေါ့။
- နောက်ပြီး ပြောတာတွေ ရှိသေးတယ်။ “အာယူ ရယ်ဒီ” တဲ့။ သူများက “ဟက်ပီဘတ်ဒေး” ဆိုရင် သူက “တူယူ” လို့ ဆက်ဆိုတတ်တယ်။ အိမ်ရှေ့မှာ (၅) ရက် တရားပွဲလုပ်တော့ သူတော်တော်ရသွားတယ်။ အိမ်မှာ တယောက်က သြကာသ လို့ တိုင်ပေးရင် သူက “၀စီကံ” တဲ့။ တရားပွဲကို သွားထိုင်ပြီး ဝေတဲ့မုန့်တွေ အိမ်ကို ပြန်လာပို့လို့ ကျမက ဟန့်ထားရတယ်။ နောက်ပြီး သီလရှင်တွေ ဆွမ်းခံကြွလာရင် တခုခု လောင်းရမှ။ ဆွမ်းဆန်စိမ်းလောင်း လို့ လူကြီးတွေက မေ့လျော့ပြီး သူ့ကို ပေးမလောင်းရင် စိတ်ကောက်တတ်ပါသေးတယ်။
ကျမက သူ့ကို တတ်နိုင်သလောက် အလိုမလိုက်ဘဲ ပုံသွင်းပါတယ်။ ဘယ်ကိုသွားသွား ဖွားပိန်လို တချီချီမလုပ်ဘဲ သူ့ကို လမ်းလျှောက်စေပါတယ်။ သူကလည်း ဘယ်သူ့ကို တောင်းဆိုလို့ရမယ် မရဘူး ဆိုတာ သိပါတယ်။ ကျမနဲ့ ဆို မညီးမညူ လျှောက်ပါတယ်။ နောက်ပြီး အမှိုက်တွေကို အမှိုက်ပုံးထဲ ကောက်ထည့် စေပါတယ်။ အိမ်ကြမ်းပြင်ပေါ် ခုံတွေ လျှောက်တွန်းရင် “အစင်းတွေ ဖြစ်ကုန်မယ်၊ မတွန်းရဘူး၊ မ ပြီးသယ်ရမယ်” လို့ ပြောရင် သူနားလည် ပါတယ်။ တခါတခါ ဇွတ်လုပ်ကြည့်ရင် တုတ်သေးသေးလေးနဲ့ ခြောက်ရပါတယ်။ အဲဒါဆို သူ ချက်ခြင်း ရပ်သွားတတ်ပါတယ်။ စိတ်တော့ ကြာရှည်မကောက်တတ်ပါဘူး။
သူ့အဖေနဲ့လည်း ပိုတည့်လာပါတယ်။ အရင်တုန်းက (နှစ်နှစ်ပြည့်ခါစလောက်က) သူ့အဖေက အစသန်တော့ သူ့ကို အတင်းအကြပ် ပေါင်ပေါ်ထိုင်ခိုင်းရင် အရမ်းငိုပါတယ်။ အခန်းထဲမှာ တံခါးပိတ်ထားပြီး သူ့ပေါင်ပေါ်ထိုင်မှ ဖွင့်ပေးမယ်ဆိုတော့ မကျေမနပ်နဲ့ ထိုင်ပြီး တံခါးဖွင့်ခိုင်းပါတယ်။ နောက်တော့ ရှောင်နေတော့တာပါဘဲ။ အခုတော့ စရင် စမှန်းသိနေပြီ။ သူကတောင် တူတူပုန်းလိုက် ပြန်စလိုက် လုပ်နေတတ်ပြီ။ သူ့အဖေ လက်ဖက်ရည်ဆိုင်ထိုင်ရင်လည်း အိမ်ကနေ လှမ်းခေါ်တာတို့၊ လက်ဖက်ရည် လိုက်သောက်တာတို့ လုပ်တတ်နေပါပြီ။ သူ့အဖေက သူ့အရုပ်ကလေးတွေ ပျက်ရင် စိတ်ရှည်ရှည် ပြင်ပေးတာတို့၊ ဓါတ်ခဲကုန်ရင် ၀ယ်ပေးတာတို့ကြောင့်လည်း ဖြစ်မယ်ထင်တယ်။
ကောင်းကောင်းက သူ့အရုပ်ကလေးတွေကို ရိုသေပါတယ်။ သူများကို ပေးဆော့ပေမဲ့ ယူသွားလို့ မရပါဘူး။ နောက်ပြီး သူစည်းကမ်းရှိတာက မိုးရွာရန် လှန်းထားတဲ့ အ၀တ်တွေ ရုပ်ခိုင်းတယ်။ မသုံးတဲ့ မီးလုံးတွေကို ပိတ်ခိုင်းတယ်။ ညဖက်အိပ်ရင်လည်း ဘယ်သူမရောက်သေးဘူး၊ ဘယ်ဝါမလာသေးဘူးနဲ့ လူစုံမှ တံခါးပိတ်စေပါတယ်။ အသက် ၂ နှစ် ၉လမှာ ၂၅ပေါင်အထိ အလေးချိန်တက်လာတယ်။ နည်းနည်း ပြည့်ပြီးကြည့်ကောင်းလာတယ်။ အစားတွေလည်း တော်တော်စားလာတယ်။ သူ “ဒို့အရေးဆေး” လို့ ခေါ်တဲ့ ကြယ်ပွင့်ပုံ အပီတန်ဆေးလုံး သောက်လို့ ထင်ပါရဲ့။
အခုတော့ “စက်ဘီး၊ စက်ဘီး ၀ယ်ပေးပါ” လို့ ပူဆာတတ်နေပြီ။ သိပ်ငယ်သေးလို့ ၀ယ်မပေးသေးပါဘူး။
နောက် ၆လ တနှစ်လောက်ဆို မူကြိုထားတော့မယ်။ သူလဲ ပိုသန်လာမယ်။ အဲဒီတော့မှ ၀ယ်ပေးတော့မယ်လေ။
အချိန်နဲ့အမျှ သံယောဇဉ်တွေ တိုးလာခဲ့တာတော့ အမှန်ပါဘဲ။